
ဘဝအဓိပ္ပာယ်
ဆိုကရေးတီး Vs ယေရှု
ဆိုကရေတီး။ ။ မင်္ဂလာနံနက်ပါ သခင်ယေရှု ခင်ဗျာ။ ကျွန်ုပ် ခင်ဗျားရဲ့ အံ့သြဖွယ် သင်ကြားချက် များစွာကို ကြားဖူးပါပြီ။ ကျွန်ုပ်က ဟောဒီ အေသင်မြို့မှာ ကျွန်ုပ်နည်းနဲ့ အရိုးသားဆုံး အသိပညာကို ရှာဖွေနေသူပါ။ ခင်ဗျားဟာ အကြီးမြတ်ဆုံးသော ပညာရှိသူဖြစ်တယ်လို့ ခင်ဗျားနောက်က တစ်လမ်း ဝင် တစ်လမ်းထွက် လိုက်နေကြတဲ့ ကြည်ညိုသူတွေက ပြောတာ သေချာပါတယ်။ ခင်ဗျားမှာ အကယ်လို့ အချိန်ပိုလေးများရှိခဲ့ရင် ကျွန်ုပ် ဘဝတစ်လျှောက်လုံး နပန်းလုံးနေခဲ့ရတဲ့ ရှုပ်ထွေးတဲ့ ပြဿနာအချို့ကို ဖြေကြားပြီး ကျွန်ုပ်ကို အသိဉာဏ် ဖွင့်ပေးနိုင်ရင် ကျွန်ုပ် သိပ်ပျော်မှာပဲ။
ယေရှု။ ။ ကျွန်ုပ်က နောက်လိုက်တပည့် ရှာဖွေရာမှာ ငါးမျှားသူလိုပဲ လူမျှားသူ တစ်ယောက်ပါ။ ကျုပ်က လူသား အားလုံးအတွက် ထာဝရဘုရားရဲ့ အမှန်တရားကို သယ်ယူလာသူပါ။ ရှာဖွေပါ၊ တွေ့ရှိပါ လိမ့်မယ်။ မေးမြန်းပါ၊ အရှုပ်ကို ဖြေပေးပါ့မယ်။ အဲဒီ အဖြေက ခင်ဗျားရဲ့ အသိဉာဏ်ကို ဖွင့်လင်း စေပါလိမ့်မယ်။
ဆိုကရေတီး။ ။ ကျွန်ုပ်စိတ်ထဲမှာ တစ်ချိန်လုံး အထင်ရှားဆုံးရှိနေတဲ့ အခြေခံ မေးခွန်းလေး တစ်ခုကို မေးပါရစေ။ ဒီအကြောင်းအရာဟာ သစ္စာတရားနဲ့ ဘဝ အဓိပ္ပာယ်ကို ရှာဖွေနေတဲ့ ကျွန်ုပ်အဖို့ အမြဲတမ်း ကျော်ဖြတ်မရတဲ့ အနှောင့်အယှက် ဖြစ်နေပေမဲ့ ခင်ဗျားရဲ့ အသိပညာနဲ့ လူမိုက်အို ကျွန်ုပ်ရဲ့ အဲဒီ မေးခွန်းကို လွယ်လွယ်နဲ့ ရှင်းပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်ုပ်ဟာ ကောင်းမွန် မြင့်မြတ်တဲ့ ဘဝဖြစ်ချင်ပေမယ့် ကောင်းမွန်မြင့်မြတ်တယ် ဆိုတာကိုတောင် နားမလည်ဘဲ ခလုတ်တိုက်နေပါတယ်။ ကျွန်ုပ်ရဲ့ ကန့်သတ်ခံ နားလည်မှုနဲ့ ပြောရရင် ဘဝဆိုတာ ဘာမှအဓိပ္ပာယ် မရှိဘူးလို့ ထင်ပါတယ်။ လူဟာ ဘဝကို ဘယ်လို နေထိုင်ရမလဲ၊ ဘဝရဲ့ အဓိပ္ပာယ်က ဘာလဲဆိုတာကို တဆိတ် ပြောပြ ပါခင်ဗျာ။
ယေရှု။ ။ ဘုရားသခင်ကို အလုပ်အကျွေးပြု ကိုးကွယ် ဆည်းကပ်ပေါ့ဗျ။
ဆိုကရေတီး။ ။ ဘယ်ဘုရားသခင်ကိုပါလဲ ခင်ဗျာ။
ယေရှု။ ။ ဘုရားသခင်က တစ်ဆူတည်းပဲ ရှိပါတယ်။
ဆိုကရေတီး။ ။ အိုး၊ ခင်ဗျား အေသင်မြို့တော်မှာ နေသင့် တယ်။ ကျွန်ုပ်တို့မှာ ရွေးစရာ ဘုရားသခင်တွေ အများကြီး ခင်ဗျ။
ယေရှု။ ။ ဘုရားသခင် အစစ်က တစ်ဆူတည်းရယ်ပါ။
ဆိုကရေတီး။ ။ ဟုတ်လား။ ဒါဖြင့် ဘယ်ဘုရားသခင်က အစစ်ဖြစ်ပါသလဲ။
ယေရှု။ ။ ဘုရားသခင်အစစ်က ထာဝရဘုရားသခင်ပဲပေါ့။
ဆိုကရေတီး။ ။ ဟုတ်ကဲ့။ ထာဝရဘုရားသခင်ဆိုတာ ဘယ်သူလဲ၊ ဘာလဲ။
ယေရှု။ ။ ထာဝရဘုရားဆိုတာ ဆုံးစမရှိတဲ့ အသိပညာ၊ မေတ္တာ၊ ကရုဏာ၊ ငြိမ်းချမ်းမှုနဲ့ အကြင်နာ တရားတွေရဲ့ ပိုင်ရှင်ပါ။ စကြဝဠာ ကမ္ဘာမိုးမြေ သက်ရှိသက်မဲ့ အားလုံးရဲ့ ဖန်ဆင်းရှင်ပါပဲ။
ဆိုကရေတီး။ ။ အားလုံးကို ဖန်းရှင်းသူ၊ ဟုတ်လား။
ယေရှု။ ။ ဟုတ်ပါတယ်။ အားလုံးကို ဖန်ဆင်းပါတယ်။ အနန္တတန်ခိုးရှင်ပါ။ အားလုံးရဲ့ အရှင်သခင်၊ ထိန်းချုပ်သူ၊ အားလုံးကို ပြုလုပ်သူပါ။ ထာဝရအရှင် မသိဘဲ ပြုလုပ်တယ်ဆိုတာ ဘာမှ မရှိဘူး။
ဆိုကရေတီး။ ။ ပလိပ်ရောဂါဘေး၊ စစ်ဘေး၊ သေခြင်းတရား၊ ဆင်းရဲဒုက္ခနဲ့ မကောင်းတာတွေကိုလည်း သူ(ထာဝရ ဘုရား)ပဲ ဖန်ဆင်းတာပေါ့။
ယေရှု။ ။ မဟုတ်ပါဘူး။ အဲဒါတွေနဲ့ အခြား မကောင်းတာတွေ ဝမ်းနည်းစရာတွေက အမှောင်ထဲက ရွှေမင်းသား နတ်ဆိုးဆီက လာတာပါ၊ ဒါမှမဟုတ် လူတွေရဲ့ ချွတ်ယွင်းချက်နဲ့ မကောင်းတဲ့ သဘာဝကြောင့် ဖြစ်ရတာပါ။ ထာဝရဘုရားဆီမှာ အကောင်းတွေပဲ ရှိတယ်။ မကောင်းတာ မရှိဘူး။ ဘုရားသခင်ဆီက အကောင်းကိုပဲ ရပါတယ်။
ဒီတော့ ဆိုကရေတီးက “နတ်ဆိုတာ ဘာလဲ ”တဲ့။ အမှတ် ၂ ကို ဆက်ရှုပါ
နတ်ဆိုး (မာနတ်)
ဆိုကရေတီး။ ။ ဘာ၊ တဆိတ်တဆိတ်၊ အဲဒီ နတ်ဆိုးဆိုတာက ဘာလဲဗျ။ သေချာတာကတော့ လူသားလောကကို ဒါလောက် ပြင်းထန်တဲ့ ကပ်ဘေးအန္တရာယ် ပို့ပေးနိုင်စွမ်းရှိတဲ့ ဘုရားတစ်ဆူပဲ ဖြစ်ရမယ်။ ဒါပေမဲ့ ခင်ဗျားက ဘုရားသခင် တစ်ဆူတည်းပဲ ရှိတယ်လို့ ပြောတယ်လေ။ လူ့လောကမှာ ရှိနေတာတွေအားလုံး ဘုရားသခင်ဆီက လာတယ်လို့လဲ ခင်ဗျား ပြောသေးတယ်။ ခုတော့ ခင်ဗျားက ကောင်းတာတွေအားလုံး ဘုရားသခင်ဆီက လာတယ်တဲ့၊ မကောင်းတာတွေကတော့ နတ်ဆိုးဆို သူဆီက လာတယ်တဲ့။ ရှေ့နောက် ဆန့်ကျင်နေတယ်ထင်တယ်။ ကျွန်ုပ်ရဲ့ ခေါင်းအိုကြီး နားမလည် နိုင်လောက်အောင် ရှုပ်ထွေးသွားမှာကို စိုးရိမ်တယ်ဗျ။ ဒါပေမဲ့ ခင်ဗျားရှင်းပြရင် ကျွန်ုပ် နားစိုက်ပါမယ်၊ နားလည်အောင်လည်း ကြိုးစားပါမယ်။ နတ်ဆိုးဆိုတာ ဘာလဲ၊ အကောင်းတွေကို ဘုရားသခင်ဆီက ဘယ်လိုရတယ် မရဘူးဆိုတာ တဆိတ် ရှင်းပြပေးပါဗျာ။
ယေရှု။ ။ နတ်ဆိုးဆိုတာ နှိမ်နင်းခံနေရပေမယ့် ရည်ရွယ်ချက်ရှိတဲ့ နတ်ပါ။ သူက ဘုရားခင်ကို ဆန့် ကျင်ပြီး ဘုရားသခင်ရဲ့ ဆောင်ရွက်တာတွေကို ပြောင်းပြန် လှန်ပစ်ချင်နေသူပါ။
ဆိုကရေတီး။ ။ နတ်ဆိုတာ ဘာလဲဗျ။
ယေရှု။ ။ နတ်ဆိုတာ နတ်ပဲပေါ့။
ဆိုကရေတီး။ ။ ကောင်းပြီ။ နတ်ဆိုတာ ပုဂ္ဂိုလ်သတ္တဝါ သို့မဟုတ် အရာဝတ္ထု တစ်ခုပေါ့။ ဆိုကရေတီးဟာ ဆိုက ရေတီးပါပဲ။ ဒါပေမဲ့ ခင်ဗျား သိလား၊ ခင်ဗျားရဲ့ ဘာသာတရားကို မသိနား မလည်တဲ့ ကျွန်ုပ်အဖို့ အဲဒါဟာ ဘာမှ အဓိပ္ပာယ် မရှိဘူး။ အဲဒါဟာ အမှန်တရား ဖြစ်နိုင်ပေမဲ့ ကျွန်ုပ် နားလည်နိုင်တာနဲ့ ဘာမှ မပတ်သက်ဘူး။ အဲဒီ နတ်ဆိုတာကို ကျွန်ုပ် နားလည်နိုင်တာနဲ့ နှိုင်ယှဉ် ပြစမ်းပါ။
ယေရှု။ ။ နတ်ဆိုတာ နတ်ပဲလေ။
ဆိုကရေတီး။ ။ ကျွန်ုပ်ရဲ့ ထုံထိုင်း တွေဝေမှုအတွက် တောင်းပန်ပါတယ် သခင်ယေရှု ခင်ဗျ။ ခင်ဗျားလို ကျွန်ုပ်က ပြောဆိုခွင့် မရှိဘူးဆိုတာကို နားလည်ပေးပါ။ နတ်ဆိုသူ တစ်ယောက်တလေကိုမျှ ကျွန်ုပ် မမြင်စဖူး မကြားစဖူးပါ။ မစားမသောက်ဘဲ ခင်းဗျားရဲ့ ရက်ပေါင်း ၄ဝ ကြာ လှည့်လည်သွားလာစဉ်က ခင်ဗျားမှာ အမြင်အာရုံတွေ ရှိခဲ့တယ်လို့ ဆိုသဗျ။ အဲဒီတော့ ကျေးဇူးပြုပြီး အဲဒီ နတ်တွေက ဘာနဲ့ တူတယ်ဆိုတာကို ပြောပြပါဗျာ။
ယေရှု။ ။ နတ်တွေမှာ အတောင် ရှိတယ်ခင်ဗျ။
ဆိုကရေတီး။ ။ ဒါဖြင့် ပျံသန်းတဲ့ အကောင် တစ်မျိုးပေါ့။ နည်းနည်းလောက် ပြည့်စုံအောင် ရှင်းပြ ပါလား။
ယေရှု။ ။ အတောင်ရှိတာက လွဲလို့ လူလိုပါပဲ။
ဆိုကရေတီး။ ။ ဆက်စမ်းပါအုံးဗျ။ သူတို့ ပျံနိုင်တာကတော့ သေချာ ပါတယ်။
ယေရှု။ ။ ဟုတ်ပါတယ်။ အတောင်ဆိုတာ ပျံဖို့ပါပဲ။
ဆိုကရေတီး။ ။ ဟုတ်တယ်၊ ဒါလောက်တော့ ကျွန်ုပ် သိသင့်တာပေါ့။ လူနဲ့တူတယ်လို့ ခင်ဗျားက ပြောတယ်။ လူတွေနဲ့ မတူတာက ဘယ် လိုလဲ ခင်ဗျ။
ယေရှု။ ။ သူတို့က လူတွေထက် အများကြီး သာပါတယ်။ သူတို့က ဘယ်တော့မှ မသေဘူး။ ထာဝရ အသက်ရှင်နေတာ။
ဆိုကရေတီး။ ။ လူတွေထက် ဘယ်လို သာတာလဲ။
ယေရှု။ ။ လူတွေထက် ကိုယ်ကျင့်တရား ပိုကောင်းတယ်။ အများကြီးလဲ စွမ်းအင် ကြီးမားတယ်။
ဆိုကရေတီး။ ။ ဒါဖြင့် လူသားလွန် တန်ခိုးရှင်ပေါ့။
ယေရှု။ ။ ဟုတ်ကဲ့။ သေချာတာပေါ့။
ဆိုကရေတီး။ ။ ဒါဖြင့် သူတို့က လူသားလွန် သတ္တဝါ၊ သူတို့ မသေဘူးပေါ့။ ကျွန်ုပ်တို့ အေသင်မြို့ မှာတော့ အဲဒီလို သတ္တဝါကို နတ်ဘုရားလို့ ခေါ်တာပဲ။
ယေရှု။ ။ ဟင့် အင်း၊ ဟင့် အင်း။ ထာဝရဘုရားက အဲဒီ အေသင်က နတ်ဘုရားတွေထက် အများကြီး တန်ခိုးကြီးပါတယ်။
ဆိုကရေတီး။ ။ ဒီလိုပါပဲ။ ဇူးစ် (Zeus) နတ်ဟာ အခြားသော အိုလံပစ် နတ်ဘုရားတွေထက် အများ ကြီး တန်ခိုးကြီးပါတယ်။ ဒါပေမဲ့ အခြားသော နတ်ဘုရားတွေကလဲ အဓိပ္ပာယ်အရတော့ နတ် ဘုရားတွေပါပဲ။ ထာဝရဘုရားဆိုတဲ့ အမည်ကို ခင်ဗျားက ဘယ်လို အဓိပ္ပာယ်ဖွင့်သလဲ။
(မှတ်ချက်။ ။ ဇူးစ်ဆိုတာ ဂရိစိတ်ကူးယဉ်နတ် ဖြစ်ပါတယ်။ ကောင်းကင်ကို အစိုးရပြီး အခြား နတ် ဘုရားတွေနဲ့ လူးသား ဟီးရိုးတွေရဲ့ ဖခမည်းတော်လို့ ယုံကြည်ခံရသူ ဖြစ်ပါတယ်။)
ယေရှု။ ။ ထာဝရဘုရားဆိုတာ အားလုံးရဲ့ ဖန်ဆင်ရှင်၊ အန္တတန်ခိုးရှင်၊ မဟာပညာတော်ရှင်၊ အမျှ တဆုံးသော ပုဂ္ဂိုလ်၊ အကြင်နာဆုံးသော ပုဂ္ဂိုလ်၊ ငြိမ်းချမ်းရေးဖခင် ဖြစ်ပါတယ်။
ဆိုကရေတီး။ ။ မလိုတော့ပေမယ့် မေးခွန်းက မပြီးသေးဘူး ခင်ဗျ။ လူတစ်ဦးတည်းက အခြေအနေ တစ်ခုတည်းမှာ မျှတဖို့၊ ငြိမ်းချမ်းဖို့၊ အကြင်နာ ရှိဖို့ဆိုတာ မဖြစ်နိုင်ဘူးဗျ။ အကယ်၍ လူတစ်ယောက် သို့တည်းမဟုတ် နိုင်ငံတစ်နိုင်ငံဟာ မျှတမှုအတွက် ပြစ် ဒဏ်ပေးဖို့ လိုအပ်ရင် တစ်ဖက်သားကို ပြစ်ဒဏ်ပေးရမှာပဲ၊ ဒါမှမဟုတ် စစ်ပွဲဆင်နွှဲရမှာပဲ။ ဒါပေမဲ့ ဒီလိုလုပ်လိုက်တာဟာ ငြိမ်းချမ်းမှု သို့ မဟုတ် အကြင်နာတရားကို ချိုးဖောက်လိုက်တာပဲ။ ဘယ်သူမှ အဲဒီအရည်အချင်း အားလုံး တစ်ပြိုင်နက် မရှိနိုင်ဘူး။ ဘာကြောင့်ဆို အချင်းချင်း ဆန့်ကျင်နေကြလို့ပဲ။ တစ် ချိန်တည်းမှာ တစ်ယောက်တည်းက အဲဒီလို မဖြစ်နိုင်လို့ဘဲ။ လူတစ်ယောက် ဘယ်ရော ညာပါ တစ်ပြိုင်နက် လှည့်လို့ မရသလိုပါဘဲ။
ယေရှု။ ။ ဘုရားသခင်ကတော့ သူ့ရဲ့ စိတ်ကူး အကြံအစည်တွေကို ကျွန်ုပ်တို့ မယုံကြည်နိုင်လောက်တဲ့ နည်းတွေနဲ့ ဆောင်ရွက်တာပဲ။
ဆိုကရေတီး။ ။ ခင်ဗျားလဲ ကျွန်ုပ်တို့ အေသင်က လူတွေလိုပါပဲ။ သူတို့မှာလည်း နတ်ဘုရားတွေ အများကြီးပေါ့။ ထာဝရဘုရားလို့ မခေါ်ရုံပါဘဲ။
ယေရှု။ ။ မဟုတ်ပါဘူး။ ထာဝရသခင်က အားလုံးထက် တန်ခိုးကြီးပါတယ်။
ဆိုကရေတီး။ ။ ဒါဖြင့်ရင် တစ်ခုတည်းသော ခြားနားချက်က တန်ခိုးဒီဂရီပဲလား။
ယေရှု။ ။ မဟုတ်ပါဘူး။ ထာဝရ ဘုရားသခင်က သူတို့ထက် သာပြီး ကိုယ်ကျင့်တရား ပိုကောင်းတယ်။ ထာဝရဘုရားမှာ ပြစ်မှုအကုသိုလ်ဆိုတာ မဖြစ်နိုင်ဘူး။
ဒါနဲ့ ဆိုကရေတီးက အပြစ် (Sin) ဆိုတာ ဘာလဲ တဲ့။ အမှတ် ၃ ကို ဆက်လက် ရှုစားပါ ......
အပြစ် (Sin)
ဆိုကရေတီး။ ။ ဘာတဲ့၊ အပြစ် ... ပြစ်မှုဆိုတာက ဘာတုန်းဗျ။
ယေရှု။ ။ ပြစ်မှုဆိုတာ ထာဝရဘာရားသခင်ကို နားမထောင်တဲ့ အပြုအမူပဲ။
ဆိုကရေတီး ။ ။ ခင်ဗျားပြောပုံအရဆိုရင် ထာဝရဘာရားသခင်မှာ သူ့ကိုယ်သူ နားမထောင်ဘူးဆိုတာ မရှိနိုင်လို့ အပြစ်ဆိုတာ မရှိနိုင်ဘူးလို့ ထင်ပါတယ်။ ထာဝရဘုရားသခင်မှာ ပြစ်မှုဆိုတာ မဖြစ်နိုင်လို့ အပြစ်မှလွတ်လို့လဲ အကျိုး ရရှိမှု အနေနဲ့ ဘာမှ မြင်တွေ့ရမှာ မဟုတ်ဘူး။ ပြောင်းရွှေ့ မရတာဟာ ကျောက်တုံးကြီး တစ်တုံးရဲ့ သင်္ကေတ ဖြစ်သလိုပါပဲ။ အဲဒါက အဓိပ္ပာယ် ဖွင့်ဆိုရုံမျှပါ။ အဲဒီ နတ်တွေက ဘာလုပ်သလဲ ခင်ဗျ။
ယေရှု။ ။ သူတို့က ဘုရားသခင်ရဲ့ အခိုင်းအစေတွေပါ။
ဆိုကရေတီး။ ဘုရားသခင်က အနန္တနတန်ခိုးရှင်ဖြစ်လို့ အခြားလူတွေကို အခိုင်းအစေလုပ်ဖို့ လိုသေး လို့လား။
ယေရှု။ ။ ဘုရားသခင်က အဲဒီလို လုပ်ချင်တာကိုး။
ဆိုကရေတီး။ ။ ဒါဖြင့် နတ်တွေက ဘုရားသခင်ရဲ့ ကျေးကျွန်တွေလား။
ယေရှု။ ။ မဟုတ်ရပါဘူး။ နတ်တွေက ဘုရားသခင်အတွက် သူ့ဆန္ဒနဲ့သူ အလုပ်အကျွးပြုလုပ်ကြတာ။
ဆိုကရေတီး။ ။ နတ်တွေက လုပ်ချငိတဲ့ ဆန္ဒမရှိလို့ မလုပ်ဘဲ နေရင်ကော ဘာတွေ ဖြစ်မလဲခင်ဗျ။
ယေရှု။ ။ ဘုရားသခင်ကို ဆန့်ကျင်တဲ့ နတ်ဆိုး မာနတ်(ဆေတန်) ခေါင်းဆောင်တဲ့ နတ်ဆိုးတွေ အများကြီး ရှိတယ်ဗျ။ ဘုရားသခင်ကို ဆန့်ကျင် ပုန်ကန်လို့ သူတို့ကို ကောင်းကင်ဘုံကနေ ထာဝရ ဒုက္ခနဲ့ ပြစ်ဒဏ်ပေးလိုက်တယ်။
ဆိုကရေတီးနှင့် ယေရှုတို့ တွေ့ဆုံးခန်း မပြီးဆုံးသေးပါဘူး။ သူတို့ အကြာကြီး ဆွေးနွေးကြတာပါ။ မျှော်ပါ .....
ကောင်းကင်ဘုံ
ဆိုကရေတီး။ ။ ကောင်းကင်ဘုံဆိုတာကကော ဘာလဲ ခင်ဗျ။
ယေရှု။ ။ ထက်ကောင်းကင်က ကောင်းမွန်တဲ့ နေရာပေါ့။ လမ်းတွေကို ရွှေခင်းထားတယ်။ အားလုံး ငြိမ်းချမ်း လှပတယ်။ ဘုရားသခင်က အဲဒီမှာ နေတယ်။ ဘုရားသခင်ကို ယုံသူတွေသေရင် အဲဒီမှာ နေရတယ်။ လူတွေက အဲဒီမှာ မသေတော့ဘူး။ အတောင်တွေရှိတယ်။ ဘုရားသခင်ကို ပူးဇော်ပသ ကြတယ်။ စောင်းတွေ တီးကြတယ်။ ထာဝရ ပျော်ရွှင် ငြိမ်းချမ်းတယ်။ လူတွေ သေပြီးနောက် အဲဒီ ကောင်းကင်ဘုံကို ရောက်ဖို့ဟာ ပန်းတိုင်းပါပဲ။
ဆိုကရေတီး။ ။ ဒါက ကြာပန်းကို စားဖူးကြသူတွေဆီကရတဲ့ ကျွန်ုပ် ကြားဖူးတဲ့ ၉၆ ပါး ရောဂါပျောက် အကြောင်းအရာနဲ့ သိပ်တူတာပဲ။ အဲဒါဟာ ဘဝရဲ့ အဓိပ္ပာယ် ဖြစ်တယ်ဆိုရင် လမ်းပေါ်မှာ တွေ့နေရတဲ့ တောင်းစားသူတွေ၊ အရက်မူး သမားတွေလို ကျွန်ုပ်တို့အားလုံး မူးယစ်ဆေး စွဲသူတွေ ဖြစ်မသွား နိုင်ဘူးလား။
ယေရှု။ ။ သမ္မာကျမ်းမှာ ဝိုင် သို့မဟုတ် ပြင်းတဲ့ အရက်တွေကို မသောက်ရဘူးလို့ ဆိုထားပါ တယ်။ (ယေရှု ဖြီးခြင်းသာ။ Psamls 104:15 ကို ရှုပါ။ ထာဝရဘုရားက အက်သောက်ခွင့် ပြုပါတယ်။)
ဆိုကရေတီး။ ။ လူတွေဟာ တစ်ခုတည်းသော ရည်ရွယ်ချက်က ကောင်းကင်ဘုံကို ရောက်ဖို့ပဲ ဆိုရင် ဘာလို့ ကိုယ့် ကိုယ်ကို သတ်သေပြီး မသွားကြတာလဲ။
ယေရှု။ ။ ကိုယ့်ကိုယ်ကို မသတ်ကောင်းပါဘူး။
ဆိုကရေတီး။ ။ ဘုရားသခင်က လူတွေကို ကောင်းကင်ဘုံကို ရောက်စေချင်ရင် ဘာကြောင့် လူတွေကို ဒီကမ္ဘာ မြေပေါ်ကို ဦးစွာ လွှတ်လိုက်တာလဲ။ အစကတည်းက ကောင်းကင်ဘုံမှာပဲ ထားလိုက်ပါလား။ စွမ်းရည်တွေ လိုအင် ဆန္ဒတွေ ရှုပ်ထွေးမှုတွေရှိနေတဲ့ လူတွေကို ထိုင် ဦးညွတ်ပြီး ပူဇော် ပသဖို့ သက်သက် (ဘုရားသခင်က) ဖန်ဆင်းခဲ့တယ် ဆိုတာကို ကျွန်ုပ်အနေနဲ့ ယုံကြည်ဖို့ သိပ်ခက်တယ်ဗျ။ မွေးကတည်းက သေတဲ့ထိ သူ့ရှေ့မှောက်မှာ လုံးဝ ကျိုးနွံ ရိုသေစွာ ရှိခိုးဦးညွတ်ဖို့ သက်သက် သူ့ပြည်သူတွေကို အလိုရှိလောက်အောင် အသားလွတ်ကြီး ဘဝင်မြင့်တဲ့ လူသားအာဏာရှင်မျိုးမရှိ၊ မရှိခဲ့တာ သေချာတယ်။ အားလုံး ထာဝရအရာ ဆိုတာကို ထားအုံးပေါ့။ ဆေတန်ဟာ ဘာကြောင့် ဒီလို မပြောင်းလဲ၊ တင်းကျပ်၊ ကြမ်းတမ်းပြီး ငြီးငွေ့ဖွယ် လူ့အသိုင်းအဝိုင်းကို ဆန့်ကျင် တော်လှန် တယ်ဆိုတာကို ကျွန်ုပ် ကောင်းကောင်း နားလည်နိုင်ပါတယ်။ ခင်ဗျား ကျွန်ုပ်ကို ပြောပြီး သမျှဆိုရင် ကျွန်ုပ်တော့ ဆေတန်ဖက်မှာ နေမှာပဲ။ ဘာလို့ဆို ကျွန်ုပ်အနေနဲ့ လူသားအနေနဲ့ ကျွန်ုပ်ကိုယ်ကို ကျွနုပ် နှိမ့်ချသူ အဖြစ် ယူဆပေမယ့် အဲဒီလို မလုပ်ရင် ကျွန်ုပ်ကို အပြစ်ပေးပြီး ထာဝရ ညှဉ်းပန်းမှုနဲ့ ခြိမ်း ချောက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို တစ်နေကုန် ချီးမွမ်းသီချင်း ဆိုပြီး ဝပ်တွား ဦးချ မနေနိုင်လို့ပါပဲ။
ယေရှု။ ။ ထာဝရဘုရားဟာ မနာလို ဖြစ်တတ်လို့ သူ့ရှေ့မှာ အခြား ဘုရားတွေ ခင်ဗျားမှာ မရှိသင့်ဘူး။
တွေ့ဆုံခန်း အမှတ် (၅)မှာ ဆေတန် အကြောင်းကို ဆွေးနွေးကြပါတယ် ... မျှော်ပါ
ထာဝရငရဲ ဆိုတာ ဘာလဲ
ဆိုကရေတီး။ ။ ငရဲဆိုတာက ဘာလဲဗျ။ အဲဒီမှာ သိပ်ပြီး ဆင်းရဲတယ်၊ စိတ်ညစ်စရာ ကောင်းတယ် ဆိုရင် ဆေတန်က ဘာလို့ အဲဒီမှာ နေတာလဲ။
ယေရှု။ ။ သူ့ကို ဘုရားသခင်က ငရဲမှာ သော့ခတ်ထားတယ်။ ငရဲက ထွက်ခွာခွင့် မပေးဘူး။ ဆေတန် လိုပုဂ္ဂိုလ်တွေနှင့် ဘုရား သခင်ကို မယုံကြည်သူတွေအတွက် ပြစ်ဒဏ်ပေးဖို့ အဲဒီငရဲကို ဘုရားသခင်က ဖန်ဆင်းခဲ့တာ။ ငရဲဆိုတာ ထာဝရ ပူလောင်နေ တဲ့ ညှဉ်းပန်းမှု နှိပ်စက်မှုတွေ ရှိတယ်။ ခွင့်လွှတ်ဖို့ ဘုရား သခင်ထံမှာ တောင်းပန်ခြင်း မလုပ်ဘဲ ဘုရားသခင်ကို မယုံ ကြည်လို့ အပြစ်ရှိတဲ့ လူသားအားလုံး အဲဒီငရဲမှာ နတ်ဆိုးတွေရဲ့ ထာဝရ ညှဉ်းပန်းမှုကို ခံရမှာဗျ။
ဆိုကရေတီး။ ။ အကယ်လို့ ထာဝရဘုရားဟာ မျှတရင်၊ သနား တတ်ရင် တိုက်ပွဲမှာ သူ့ကိုတိုက်ခိုက်တဲ့ ရန်သူတစ် ယောက် အပေါ် သူဒီလို လုပ်ရက်ပါ့မလား။ လူသားတွေ အောင်နိုင်ပြီး နောက် နိုင်ငံတစ်နိုင်ငံက ဖမ်းဆီးထားတဲ့လူတွေကို ခွင့်လွှတ် သလို ဘုရားသခင်က ဘာကြောင့် ဆေတန်ကို ခွင့်မလွှတ်တာလဲ။ စစ်ပွဲမှာ အောင်နိုင်တဲ့ လူသား တွေဟာ ထာဝရဘုရားသခင်ထက် ပိုပြီး သနားတတ်ပုံရတယ်။ ဘာကြောင့်ဆို သူတို့ဟာ နိုင် ထားတဲ့လူတွေကို ဒီဘဝ တစ်ခုလုံးကိုတောင် အဲဒီလို ကြောက်မက်ဖွယ် ညှဉ်းပန်းမှုမျိုးနဲ့ မဆက် ဆံကြဘူးလေ။ ထာဝရ နှိပ်စက်ဖို့ဆိုတာ အသာထားအုံး။ ထာဝရဘုရားဟာ ခင်ဗျားပြောခဲ့တဲ့ မျှတမှု၊ သနားတတ်မှု၊ ကရုဏာ၊ ခွင့်လွှတ်မှုဆိုတဲ့ သူ့ရဲ့ အရည်အချင်းတွေကို ဘာကြောင့် ဆေတန်အပေါ် မပြတာလဲ။ ထာဝရဘုရားရဲ့ စစ်ကိုနှစ်သက်တဲ့ သဘာဝဟာ ခင်ဗျားပြောတဲ့ ငြိမ်းချမ်း၊ သနား ခွင့်လွှတ်ဆိုတဲ့ ထာဝရဘုရား အဓိပ္ပာယ်ဖွင့်ဆိုမှုနဲ့ မကိုက်ညီ တာတော့ သေချာတယ်။
ယေရှု။ ။ ထာဝရဘုရားသခင်က ဆန်းကြယ်တဲ့ နည်းတွေနဲ့ ဆောင်ရွက်ပါတယ်။
ဆိုကရေတီး။ ။ ဆေတန်ကို ငရဲမှာ သော့ခတ်ထားတယ်ဆိုရင် သူက ဘယ်လို လုပ်ပြီး လူသားတွေဆီ ကပ်ရောဂါတွေ နှိပ်စက်မှုတွေကို ယူလာနိုင်တာလဲ။ ဘုရားသခင်ကကော အနန္တတန်ခိုးရှင် ကောင်းတာ ကိုပဲ လုပ်သူဖြစ်ရင် ဘာကြောင့် အဲဒါတွေကို ခွင့်ပြုရတာလဲ။ ဘာလို့ မကောင်းဆိုးဝါးကောင် ဆေတန်ကို ဆက်လက် တည်ရှိနေဖို့ ခွင့်ပြုထားရတာလဲ။ ဘာကြောင့် ဆေတန်ကို သတ်မပစ်တာလဲ။ ဒီအချက်နဲ့ပဲ ကျွန်ုပ်တော့ ဆန့်ကျင်ဘက် အကြောင်းတရားဖြစ်တဲ့ ဆေတန်က ပိုသာလေမလားလို့ စပြီး စဉ်းစားမိ ခဲ့တာပဲ။
ယေရှု။ ။ အေဒင် ဥယျာဉ်ထဲမှာ ပြစ်မှုလုပ်မိတဲ့အတွက် လူသားတွေကို ပြစ်ဒဏ်ပေးဖို့ ကပ်ရောဂါတွေနဲ့ နှိပ်စက်မှုတွေ လွှတ်ဖို့ ထာဝရဘုရားသခင်က ဆေတန်ကို လွှတ်ပေးလိုက်တာပါ။
တွေ့ဆုံခန်း (၇) မှာ အေဒင် ဥယျာဉ်အကြောင်း ဆွေးနွေကြပါလိမ့်မယ် .... မျှော်ပါ။
အေဒင်ဥယျာဉ်
ဆိုကရေတီး။ ။ အေဒင်ဥယျာဉ်ဆိုတာက ဘာတုန်းဗျ။
ယေရှု။ ။ ဘုရားသခင် ပထမဆုံး ယောက်ျားနဲ့ မိန်းမ အာဒမ်နဲ့ အေဝကို ဖန်ဆင်းတုန်းက အေဒင် ဥယျာဉ်ထဲမှာ ထားတယ်။ အဲဒီတုန်းက သူတို့က စင်ကြယ်ပြီး အပြစ်မရှိဘူး။ ဘုရားသခင်က အဲဒီလို ဖန်ဆင်းခဲ့တာ။ အေဒင်ဥယျာဉ်က လှပတဲ့ သုခဘုံပဲ။ ဥယျာဉ်ထဲမှာ သူတို့ လိုတာ အကုန်ရတယ်။ အလုပ်မလုပ်ရဘူး။ ညွတ်နေအောင် သီးပွင့်နေတဲ့ သစ်ပင်တွေဆီက အသီးတွေကို ခူးစားရုံပဲ။ သူတို့က ကလေးတွေလို အပြစ်မရှိကြဘူး။ ပြဿနာမရှိဘူး။ လောကီခန္ဓာ ကိုယ်နဲ့ဆိုင်တဲ့ အချစ်ဆိုတာကို မသိ ကြဘူး။ သူတို့ အချင်းချင်း သနားကြင်နာပြီး ခဏ အလည်လာတဲ့ ဘုရားသခင်ကို မြတ်နိုး ကိုးကွယ် ကြတယ်။
ဆိုကရေတီး။ ။ ဘုရားသခင်က လူတွေကို ဘာလို့ ဖန်ဆင်းတာတုန်းခင်ဗျ။။
ယေရှု။ ။ သူအထီးကျန်လို့ပါပဲ။
ဆိုကရေတီး။ ။ အများကြီး နိမ့်ကျတဲ့ လူတွေသာမကဘဲ သူ့လောက်နီး စွမ်းရည်ရှိတဲ့ အပိုနတ်တွေကို ဘာကြောင့် ဖန်ဆင်းခဲ့သလဲ။ သူ့ကို ကြောက်ရွံ့ ရှိခိုးမဲ့ သူအထင်သေးတဲ့ ကျေးကျွန်တွေကိုပဲ ဖန်ဆင်း သင့်တယ် မဟုတ်လား။
ယေရှု။ ။ ကျုပ်တို့ရဲ့ ဖန်ဆင်းရှင်ဖြစ်လို့ ကျုပ်တို့က သူ့ကို ပူးဇော် ရိုသေပြီး နားထောင်ရမှာပေါ့။
ဆိုကရေတီး။ ။ သားသမီးဟာ သူ့အဖေကို နာခံဖို့ ပြစ်မှုနှောင်ကြိုးတာဝန် ရှိ သင့်သလား ဒါမှမဟုတ် သူများ အမှားနဲ့ အမှန်ကို ကိုယ်တိုင် ဆုံးဖြတ်ဖို့ အခွင့်အ ရေးနဲ့ တာဝန်ရှိသလား။ ဘယ်လို အပြစ်၊ ဘယ်လို နားမထောင်တဲ့ အပြုအမူကို အေဒီဥယျာဉ်မှာ လူသား ကျူးလွန်ခဲ့သလဲ။
ယေရှု။ ။ အေဒင်ဥယျာဉ် အလယ်မှာ ဘုရားသခင်က အသိဉာဏ်သစ်ပင်ကို ထားရှိပါတယ်။ ဘုရားသခင်က အာဒမ်နဲ့ အေဝကို အဲဒီသစ်သီးကို မစားဖို့ ပြောပါတယ်။ မာနတ်က ဥယျာဉ်ထဲကို သွားပြီး မြွေလို ဖန်ဆင်းပြီး အဲဒီအသီးကို စားရင် ကြီးမားတဲ့ အသိဉာဏ်ကို ရမယ်လို့ အေဝကို ပြောပါတယ်။ အဲဒီအသီးကို စားရင် သူလို အသိဉာဏ် ကြီးကျယ်လာမှာကို ကြောက်လို့ အဲဒီအသီးကို မစားဖို့ ထာဝရဘုရား ကပြောကြောင်း ဆေတန်က ပြောပြတယ်။ အေဝဟာ အာဒမ်ကို အဲဒီအသီးကို စားဖို့ တိုက်တွန်း ပါတယ်။ သူတို့ စားပြီးတဲ့နောက် သူတို့ မေထုန် မှီဝဲလိုတဲ့ ဆန္ဒကို သိသွား ကြတယ်။ ဒါက အပြစ်ရဲ့ မူလရင်းမြစ်ပါ။
ဆိုကရေတီး။ ။ အသိပညာဟာ ထာဝရဘုရားက ကျွန်ုပ်တို့ဆီက ပြန်လည် သိမ်းယူလိုတဲ့ မကောင်းမှုလား။ ကျွန်ုပ်တို့ အသိပညာရတာကို ထာဝရဘုရားက ဘာကြောင့် ပြန်လိုချင်ရတာလဲ။ သူ့ခြေရင်းမှာ ပြားပြားဝပ်နေတဲ့ ကျေးကျွန် အဖြစ်နဲ့ ကျွန်ုပ်တို့ကို ဆက်ရှိစေချင်လို့လား။ ကျွန်ုပ်တို့ဟာ ဆေတန် အပေါ် ကျေးဇူးကြွေးရှိပြီး သူ့ကူညီမှုအတွက် ဆေတန်ကို ပူဇော်ပသသင့်တယ်လို့ ကျွန်ုပ် ထင်တယ်။ နတ် ဘုရားတွေရဲ့ အမိန့်ကို မနာခံဘဲ လူသားတွေဆီ အသိဉာဏ် မီးလျှံကို ဆောင်ယူခဲ့တဲ့ ဂရိနတ် တိုင်တန် ပရိုမီသီယပ်စ်နဲ့ ဆေတန်ဟာ တော်တော် တူနေတာပဲ။ လူသားတွေ အတွက် လုပ်ခဲ့တဲ့ အဲဒီအပြစ်ကြောင့် ပရိုမီသီယပ်စ်ဟာ ဆေတန်လိုပဲ ထာဝရ ညှဉ်းဆဲခံ နှိပ်စက်ခံ ဖြစ်ခဲ့ရတယ်။ အချစ်၊ မီးနှင့် စဉ်းစား ဉာဏ်မရှိတဲ့ လူသားဘဝဟာ တန်ဖိုးနည်းမှာ သေချာတယ်။
ယေရှု။ ။ ဒါပေမဲ့ ကျုပ်တို့က အဲဒီအသီးကို စားလို့ ဘုရားခင်လို အသိဉာဏ် မကြီးကျယ်တဲ့အတွက် ဆေတန်ဟာ အေဝ ကို လိမ်ပြောခဲ့တာ။ ဆေတန်ဟာ ဘုရားသခင်ရဲ့အလုပ်ကို ဖျက်ဆီးလိုရုံ သက်သက်နဲ့ ကျုပ်တို့ကို လိမ်ပြောခဲ့တာ။
--------------------
မေထုန်စိတ်ကို သွင်းပေးသူ
ဆိုကရေတီး။ ။ အကယ်လို့ ဘုရားသခင်ဟာ အနန္တတန်ခိုးရှင်ဖြစ်ရင် ဘုရားသခင်က ဆေတန်ကို အေဒင်ဥယျာဉ်ထဲလာပြီး အေဝကို ဖျားယောင်းခွင့် ပြုခဲ့တာလဲ။ ဘုရားသခင်က လူတွေကို အသီးကို မစားစေချင်ရင် ပထမဆုံး နေရာဖြစ်တဲ့ ဥယျာဉ်ထဲမှာ အဲဒီသစ်ပင်ကို ဘာလို့ ထားရတာလဲ။ ဘုရား သခင်က လူတွေမှာ မေထုန်ချစ်ကို မရှိစေချင်ရင် မေထုန်အတွက် လိုအပ်တဲ့ အင်္ဂါအစိတ်အပိုင်း တွေကို ဘုရားသခင် ဘာကြောင့် ထည့်ခဲ့တာလဲ။ ဘုရားသခင်ဟာ မူရင်းပြစ်မှုကို မကျူးလွန်စေ ချင်ရင် အသိပညာ အတွေ့အကြုံ၊ စူးစမ်းရှာဖွေမှုနှင့် ကောက်ကျစ်တဲ့ အချစ်တွေအတွက် ဆန္ဒကို ဘာလို့ ပေးခဲ့တာလဲ။
ယေရှု။ ။ ဘုရားသခင်ဟာ လူတွေကို စမ်းသပ်ချင်လို့ ဥယျာဉ်ထဲမှာ အဲဒီသစ်ပင်ကို ဖန်ဆင်းပြိး ဆေတန်ကို လာခွင့်ပေးခဲ့တာ။
ဆိုကရေတီး။ ။ ဘုရားသခင်ဟာ အားလုံးကို သိတယ်လို့ ခင်ဗျား ပြောတယ်။ မဖြစ်ခင်ကတည်းက ဒီလိုဖြစ်မှာကို သိတယ်လို့လည်း ပြောတယ်နော်။ အခြေအနေအရ လူတွေဘာလုပ်မယ်ဆိုတာကို ဘုရားသခင် သိပြီးဖြစ်မှာ သေချာပါတယ်။
ယေရှု။ ။ ဘုရားသခင်က လူသားတွေကို လွတ်လပ်ခွင့် ပေးခဲ့ပါတယ်။ လူသားတွေအဖို့ အပြစ်ရှိ သလောက် ဘုရားသခင်ရဲ့ စကားကို နားမထောင်သလောက် ဖြောင့်မတ်ဖို့နဲ့ စကားကို နား ထောင်ဖို့ ဖြစ်နိုင်ခဲ့တာပဲ။
ဆိုကရေတီး။ ။ လူသားတွေ အပြစ်ရှိမှာကို ဘုရားသခင် သိခဲ့ပါသလားခင်ဗျ။
ယေရှု။ ။ လူတွေ အပြစ်ရှိမှာကို ဘုရားသခင် သိပါတယ်။ ဒါပေမဲ့ ကိုယ့်ဆန္ဒနဲ့ကိုယ် ရွေးချယ်ဖို့ လွတ် လပ်ခွင့် ပေးခဲ့တာပဲ။
ဆိုကရေတီး။ ။ လူတွေကို ဖန်ဆင်းခဲ့လို့ ဘုရားသခင်မှာ အပြစ်မရှိဘူးလား။ ဒီအခြေအနေမှာ ဘုရား သခင်ဟာ လူတွေ အပြစ်မရှိအောင် ဖန်ဆင်းသင့်တယ်ဗျ။
ယေရှု။ ။ ဟုတ်ပါတယ်။ ဘုရားသခင်က အနန္တတန်ခိုးရှင်ဖြစ်လို့ အဲဒီလို လုပ်သင့်တယ်။ ဒါပေမဲ့ ဘုရား သခင်ဟာ လူတွေကို ရုပ်သေးရုပ်တွေလို မဖြစ်စေချင်ဘူးလေ။ လူတွေကို ကိုယ့်ဟာကိုယ် ဆုံးဖြတ်စေ ချင်တယ်။
ဆိုကရေတီး။ ။ ဘုရားသခင်က လူတွေကို ခေါင်းနှစ်လုံး ခြေသုံးသုံးချောင်း သို့မဟုတ် အခြားနည်းနဲ့ သူအလိုရှိသလို ဖန်ဆင်းနိုင်တယ် မဟုတ်လား။
ယေရှု။ ။ ဘုရားသခင်ဟာ လူတွေကို သူကြိုက်သလို ဖန်ဆင်းနိုင်ပါတယ်။
ဆိုကရေတီး။ ။ ဘုရားသခင်ဟာ လူတွေကို သူလိုချင်သလို ဖန်ဆင်းခဲ့တယ် မဟုတ်လား။ ခေါင်းတစ် လုံး ခြေနှစ်ချောင်းနဲ့ အခုတွေ့ရတဲ့အတိုင်း ဖန်ဆင်းခဲ့ တယ်မဟုတ်ပါလား။
ယေရှု။ ။ သေချာတာပေါ့။ ဘုရားသခင်က အလုံးစုံ ပြည့်စုံတဲ့ အနန္တတန်ခိုးရှင်ပါ။ ဘုရားသခင်ဟာ အမှားအယွင်း မလုပ်ပါဘူး။
ဆိုကရေတီး။ ။ ဒါဖြင့် ဘုရားသခင်ဟာ အမှားအယွင်း မလုပ်ပါဘူး။ လူကို သူလိုချင်တဲ့အတိုင်း တစ် သဝေမတိမ်း ဖန်ဆင်းခဲ့တာပေါ့၊ ဟုတ်လား။
ယေရှု။ ။ ဟုတ်ပါတယ်။
ဆိုကရေတီး။ ။ ဒါဖြင့်ရင် ခင်ဗျားနဲ့ ကျုပ်ကို ဘုရားသခင် ဖြစ်ချင်တဲ့အတိုင်း အတိအကျ ဖန်ဆင်းခဲ့တာပေါ့၊ ဟုတ် လား။ အာဒမ်နှင့် အေဝကိုလည်း သူဖြစ်ချင်တဲ့ အတိုင်းပဲ အတိအကျ ဖန်ဆင်းခဲ့တာပေါ့။
ယေရှု။ ။ ဟုတ်ကဲ့။ ဒီကိစ္စ ကျုပ် ပြေားပြီးသားပါ။
ဆိုကရေတီး။ ။ လူသားမှာရှိတဲ့ အစိတ်အပိုင်းအားလုံးကို ဘုရားသခင် ဖန်ဆင်းလိုက်တာလား။
ယေရှု။ ။ ဟုတ်ကဲ့။ ထာဝရဘုရားက အရှင်သခင်၊ ထိန်း ချုပ်သူ၊ အားလုံးကို ဖန်ဆင်းသူပါ။
ဆိုကရေတီး။ ။ နတ်ဆိုး သို့မဟုတ် အခြားအင်အားတစ်ခုက လူသားရဲ့ အစိတ် အပိုင်း တစ်ခုခုကို ဖန်ဆင်းတာလား။
ယေရှု။ ။ မဟုတ်ပါဘူး။ ဘုရားသခင်ပဲ အားလုံးရဲ့ ဖန်ဆင်းရှင်ပါ။
ဆိုကရေတီး။ ။ ဒါဖြင့်ရင် အကယ်၍ ဘုရားသခင်ဟာ လူတွေရဲ့ မျက်လုံးတွေ၊ ခြေထောက်တွေ၊ စိတ်တွေကို ဖန်ဆင်းတယ်ဆိုရင် လူတွေရဲ့ လိုအင် ဆန္ဒတွေ .. လိုအင်ဆန္ဒအားလုံးပေါ့ .. အသိပညာနဲ့ မေထုန်ပြုတဲ့ ဆန္ဒကိုလည်း ဘုရားသခင်ပဲ ဖန်ဆင်းတာပေါ့။ လူသားက ဘာကြောင့် အပြစ် ရှိရတာလဲ။
ယေရှု။ ။ လူသားရဲ့ အားနည်းမှုနှင့် ဆိုးယုတ်တဲ့ သဘာဝကြောင့် ဘုရားသခင်က အပြစ်ပေးတာပါ။
ဆိုကရေတီး။ ။ လူ့သဘာဝဟာလည်း လက်တွေ ခြေတွေလိုပဲ လူသားရဲ့ အစိတ်အပိုင်းပဲ မဟုတ် လားခင်ဗျ။
ယေရှု။ ။ ဟုတ်ပါတယ်။ လူ့သဘာဝဟာ လူသားရဲ့ အစိတ်အပိုင်းပါပဲ။
ဆိုကရေတီး။ ။ လူကို ဘယ်သူ ဖန်ဆင်းတာလဲ။
ယေရှု။ ။ ဘုရားသခင်ပါ။
ဆိုကရေတီး။ ။ လူသားရဲ့ သဘာဝကိုကော ဘယ်သူဖန်ဆင်းတာလဲ။
ယေရှု။ ။ ဘုရားသခင်ပါပဲ။
ဆိုကရေတီး။ ။ လူတွေကို လက်နှစ်ချောင်း၊ ခြေနှစ်ချောင်းနှင့် ယနေ့မြင်တွေ့ရတဲ့အတိုင်း၊ အာဒမ်နဲ့ အေဝတို့ခေတ်ကအတိုင်း အတိအကျပုံစံနဲ့ လူတွေကို ဘယ်သူ လုပ်တာလဲ။
ယေရှု။ ။ ဘုရားသခင်ပါပဲ။
ဆိုကရေတီး။ ။ လူတွေရဲ့ သဘာဝကို ဘယ်သူဖန်ဆင်းတာလဲ။
ယေရှု။ ။ ဘုရားသခင်ပါပဲ။
ဆိုကရေတီး။ ။ လူတွေရဲ့ ယုတ်ညံ့တဲ့ သဘာဝနဲ့ ကောက်ကျစ်မှုကို ဘယ်သူ ပေးတာလဲ။ ဘုရား သခင်ပဲ ပေးတာပဲ။ ဘာကြောင့်ဆို လူမှာရှိနေတဲ့ အစိတ်အပိုင်းတိုင်းကို ဘုရားသခင် တစ်ဦး တည်းကပဲ ပေးခဲ့လို့ပါ။
ယေရှု။ ။ ဘုရားသခင်က လူတွေကို ကိုယ်ပိုင် ရွေးချယ်ခွင့် ပေးခဲ့ပါတယ်။
ပြစ်မှုအားလုံးရဲ့ တရားခံ
ဆိုကရေတီး။ ။ လူတွေမှာ လက်နှစ်ချောင်းရှိဖို့ ဘယ်သူ ရည်ရွယ်ခဲ့တာလဲ။ နတ်ဆိုးလား။
ယေရှု။ ။ မဟုတ်ပါဘူး။ ဘုရားသခင်က ရည်ရွယ်ခဲ့တာပါ။
ဆိုကရေတီး။ ။ လူတွေမှာ ကောက်ကျစ်မှုနဲ့ ယုတ်ညံ့တဲ့ သဘာဝရှိဖို့ကို ဘယ်သူ ဖန်ဆင်းတာလဲ။ နတ်ဆိုးလား။ မဟုတ်ပါဘူး။ လူတွေမှာ ကောက်ကျစ်မှု၊ ဆိုးညစ်မှု သဘာဝရှိဖို့ကို ဘုရားသခင်ပဲ ရည်ညွှန်းခဲ့တာပါ။ အကယ်၍ လူတွေ ယုတ်မာ ဆိုးရွား ကောက်ကျစ်ခဲ့ရင် အဲဒါဟာ ဘုရားသခင် လုပ်တာပဲ။ နောက်ထပ် ဥပမာလေးတစ်ခု ပေးပါရစေဦး။ ပင်လယ်ထဲမှာ ငါးပျံကို ဖမ်းတဲ့ ငှက်တွေကို ခင်ဗျား မြင်ဖူးလား။ အဲဒီငါးပျံကို ကိုက်သတ်ဖို့ ဆန္ဒကို ငှက်ထဲ ဘယ်သူ ထည့်တာလဲ။ တရားသူကြီး ကိုယ်တိုင်ကို အရက်ဆိုင်ရှေ့ ဆွဲယူလာတဲ့အခါ လူတွေကို ဘယ်သူက အပြစ်ပေးအုံးမှာလဲ။
ယေရှု။ ။ လူတွေမှာ လွတ်လပ်ခွင့်ရှိပါတယ်။ ဘုရားသခင်က လူတွေကို အပြစ်ရှိအောင် အတင်းအကျပ် မလုပ်ပါဘူး။ ဖြောင့်မတ်ဖို့ သို့မဟုတ် အပြစ်ရှိဖို့ အခွင့်အရေးကိုပဲ ဘုရားသခင်က ပေးထားတာပါ။ အကောင်းမှတစ်ပါး ဘာကိုမှ မလုပ်နိုင်တဲ့ ရုပ်သေးရုပ်တစ်ခုလို လူသားကို ဖန်ဆင်းခဲ့ရင် လူဟာ ဘာတန်ဖိုးမှ ရှိမှာမဟုတ်ဘူးလို့ ဘုရားသခင်က ယူဆတယ်။ လူရဲ့ ကိုယ်ပိုင်ကောင်းမှုနဲ့ ရွေးချယ်မှုအရ အကောင်းနဲ့ အဆိုးဖြစ်ခွင့်ကို လူတွေကို ဘုရားသခင် ပေးချင်ခဲ့တာပါ။
ဆိုကရေတီး။ ။ ဖန်ဆင်းပြီးမှ လူတွေကို ပြစ်ဒဏ်ပေးတယ်ဆိုရင် ဘုရားသခင်အဖို့ ကြောင်းကျိုး မဆီလျော်ဘူး။ ကဗျာဆ၇ာ တစ်ယောက်က ဝက်တစ်ကောင်အကြောင်း ကဗျာရေးပြီး အဲဒီဝက် တိရစ္ဆာန်ရဲ့ အရည်အချင်းတွေကို မနှစ်သက်လို့ ရေးပြီးစာရွက်တွေကို လုံးချေဆုတ်ဖြဲ သို့မဟုတ် မီးထဲ ပစ်ချသလို ဖြစ်နေမှာပေါ့။ ဒါမှမဟုတ် ပန်းပုဆရာတစ်ယောက် ပြည့်စုံတဲ့ ဝက်ရုပ်ကို ထုလုပ်ပြီးမှ အဲဒီတိရစ္ဆာန်ရဲ့ ပြုမူပုံကို မကြိုက်လို့ ဖျက်ဆီးပစ်သလို နေမှာပေါ့။
ယေရှု။ ။ ဘုရားသခင်က လူကို အပြစ်ရှိမယ်ဆိုပြီး ကြိုတင်စီမံတဲ့ ဆိုးရွားတဲ့ သဘာဝနဲ့ ဖန်ဆင်းခဲ့တာ မဟုတ်ပါဘူး။
ဆိုကရေတီး။ ။ ဒါဖြင့် ဘယ်သူ လုပ်တာလဲ။
ယေရှု။ ။ ဘုရားသခင်က လူတွေကို အပြစ်မရှိဘဲ သဘာဝအားဖြင့် အကောင်းအနေနဲ့ ဖန်ဆင်းခဲ့ ပါတယ်။ အေဒင်သုခဘုံထဲမှာ ထားပါတယ်။ လူတွေကို ဆန္ဒ လွတ်လပ်ခွင့်ပေးပြီး လူ့စိတ်ကို စမ်းသပ်ဖို့ ဆေတန်ကို အေဒင်ဥယျာဉ်ထဲ လာခွင့်ပေးပါတယ်။ ဘုရားသခင်ဟာ လူတွေ အပြစ်ရှိစေဆိုပြီး ကြိုတင် မလုပ်ခဲ့ပါဘူး။
ဆိုကရေတီး။ ။ ဒါပေမဲ့ ဘုရားသခင်ဟာ အဲဒီအခြေအနေ ပတ်ဝန်းကျင်မျိုး ဖြစ်လာဖို့ကို ဖန်ဆင်းခဲ့ ပါတယ်။ အခြေအနေမှာပါဝင်တဲ့ အစိတ်အပိုင်းတိုင်းကို ဖန်ဆင်း တဲ့အခါ အကျိုးတရား အသီးသီးဟာ ဘယ်လို တုံ့ပြန်မယ်ဆိုတာကို သူ အတိအကျ သိပါတယ်။ ဘာကြောင့်ဆို သူက အားလုံးကို သိတာ ကိုး။ ပါဝင်သူတိုင်းကို အဲဒီအတိုင်း အတိအကျဖြစ်ဖို့ သူရည်ရွယ်ခဲ့တယ်။ ဘာကြောင့်ဆို သူက အနန္တ တန်ခိုးရှင်ဖြစ်ပြီး အမှားအယွင်းကို မလုပ်နိုင်လို့ဘဲ။ ဆေးဆရာ တစ်ယောက်ဟာ အမယ်တွေ အများ ကြီးပါတဲ့ ဆေးတစ်မျိုး ဖော်စပ်တယ်ဆိုပါစို့။ ဆေးအမယ်တွေ တုန်းကတော့ ဘာမှဥပါဒ်မဖြစ်စေပေမဲ့ ဖော်စပ်ပြီးတဲ့အခါ ဆိုးရွားတဲ့ အဆိပ်တစ်မျိုး ဖြစ်သွားတယ်ဆိုပါစို့။ လူနာကို ကျွေးပြီးနောက် လူနာ သေခြင်းအတွက် တာဝန်မယူသလိုပေါ့။ အဲဒီလိုပဲ ဘုရားသခင်ဟာ အပြစ်ကင်းတဲ့ လူ၊ အသိဉာဏ် သစ်ပင်၊ လှပတဲ့ဥယျာဉ်၊ နတ်တစ်ယောက် ဆိုတာတွေကို ဖန်ဆင်းဖော်စပ်ခဲ့တာပဲ။
ယေရှု။ ။ ဘုရားသခင်ရဲ့ ကြီးမြတ်မှုအတွက် အားလုံး အပြစ်ရှိသွားတာပဲ။
ဆိုကရေတီး။ ။ ကျွန်ုပ်အထင် ခင်ဗျားရဲ့ ဘုရားသခင်က လူတွေ ဒုက္ခခံစား ရတာကို ရှုစားတော်မူရုံပဲ လူတွေကို ဖန်ဆင်းခဲ့တာပဲ။ ဆေတန်၊ အေဒင်ဥယျာဉ်၊ လွတ်လပ်ဆန္ဒ ဆိုတာတွေဟာ အပေါ်ယံပါဗျာ။ လူတွေကို အကြမ်းဖက်၊ သတ် ဖြတ်၊ ညှဉ်းဆဲ၊ နှိပ်ကွပ်ဖို့ ဘုရားသခင်က အကြောင်းပြရုံ သက်သက်ပါ။ အနန္တ တန်ခိုးရှိပြီး အားလုံးကို သိသူက အရာခပ်သိမ်းကို ဖန်ဆင်းပြီး တစ်နည်းနည်းနဲ့ ဖန်ဆင်းခံ ပုဂ္ဂိုလ်တွေအပေါ် လက်တုံ့ပြန်ခွင့် ရှိတယ်ဆိုရင် တကယ်တော့ ဘုရား သခင်ဟာ အဲဒီနည်းနဲ့ တုံ့ပြန်ဖို့ လူတွေကို ရည်ရွယ်ခဲ့တာဖြစ်လို့ ဒိအကျိုး ဆက်တွေအတွက် လုံးဝ တာဝန်ရှိပါတယ်။
ယေရှု။ ။ ခင်ဗျားကို ကျုပ် သတိပေးပါတယ်။ ဘုရားသခင်ဟာ သရော်စရာ မဟုတ်ဘူး။ အဲဒီလို မပြောပါနဲ့။ နို့မဟုတ်ရင် ခင်ဗျား ငရဲမီးထဲ ပစ်ချခံရတော့မှာပဲ။ အဲဒီမှာ ခင်ဗျား အံကြိတ်ပြီး ထာဝရ ညှဉ်းပန်း နှိပ်စက်မှုတွေ ခံရမှာဗျ။
ဆိုကရေတီး။ ။ ကျွန်ုပ်တို့ရဲ့ အိုလံပစ်မြို့က နတ်ဘုရားတွေ ကိုယ်ကျင့်တရားပျက်ယွင်းပြီး ကြောင်းကျိုး မဆီလျော်ဘူးလို့ ကျွန်ုပ် ထင်ခဲ့တာ။ ခုတော့ ခင်ဗျားတို့ ဘုရားသခင်နဲ့ နှိုင်းစာရင် ကျွန်ုပ်အထင် ကျွန်ုပ်တို့ နတ်ဘုရားတွေက အများကြီး ကြင်နာ ခွင့်လွှတ်တတ်တဲ့ ကောင်တွေ ဖြစ်နေပုံပဲ။
ယေရှု။ ။ အိုး၊ ဘုရားသခင်က ကောင်းပါတယ်။ ဘုရားသခင်ရဲ့ ထာဝရ အနန္တ ကရုဏာတော်အတွက် ကျေးဇူးတင်စမ်းပါဗျာ။
ကမ္ဘာပေါ်က ဒုက္ခတွေ
ဆိုကရေတီး။ ။ အကယ်လို့ ဘုရားသခင်ဟာ ငြိမ်းချမ်း ကောင်းမြတ်သူဖြစ်ရင် လူတွေကို ဘာကြောင့် ညှဉ်း ပန်းရသလဲ၊ ကမ္ဘာမြေပေါ်က သွေးချောင်းစီးမှုတွေကို ဘာကြောင့် ခွင့်ပြုရုံမက အားပေး တောင်းဆိုမှု တောင် လုပ်ရသလဲ၊ လူတွေကို ဖြားယောင်းဖို့ ဆေတန်ကို ခွင့်ပြုရုံမက တောင်းဆိုပြီး လူတွေကို ညှဉ်းပန်းရတာလဲ၊ သူမသိဘဲ ဘာမှ မဖြစ်ပါဘူးလို့ ခင်ဗျား ပြောတဲ့အတိုင်းဆိုရင် ဘာလို့ အဲဒါတွေ ဖြစ် လာရတာလဲ။ အားလုံးကို သိ၊ အားလုံးကို ဖန်ဆင်း တဲ့ အနန္တတန်ခိုးရှင်ဟာ သူဖန်ဆင်းလိုက်တဲ့ လူတွေ က ပြုမူလာမယ့်နည်းကို သိရမှာဖြစ်လို့ အားလုံးကို ဘုရားသခင်ပဲ ဆုံးဖြတ်တာပဲ။
ယေရှု။ ။ဘုရားသခင်က လူတွေကို ရုပ်သေးရုပ်လို မဖြစ်စေချင်လို့ လွတ်လပ်ခွင့် ပေးခဲ့တာ။ ဘုရား သခင်ဟာ လူသားတွေ အပြစ်ရှိမှာကို မလိုလားပါဘူး။ လူတွေ အပြစ်ရှိသွားတဲ့အခါ ဘုရားသခင် အလွန်ပဲ စိတ်မကောင်း ဖြစ်တော်မူပါတယ်။
ဆိုကရေတီး။ ။ ဘုရားသခင်ဟာ သူဖန်ဆင်းခဲ့တဲ့ လူ့သဘာဝနဲ့ အခြားသော အရာတွေကို သိတဲ့ အတွက် စိတ်မကောင်း မဖြစ်နိုင်ပါဘူး။ သူဟာ အနန္တတန်ခိုး ရှင်ဖြစ်လို့ သူဟာ လူတွေ အပြစ်ရှိဖို့ ရည်ရွယ် ချက်ရှိခဲ့ပါတယ်။ အမှန်စင်စစ် ဘုရားသခင်ဟာ လူသားတွေကို လိုအင်ဆန္ဒတွေနဲ့ ကောက် ကျစ်မှုတွေကို ထည့်သွင်း ဖန်ဆင်းခြင်းဖြင့် အပြစ်ရှိအောင် လူတွေကို အတင်းအကျပ် လုပ်ခဲ့တာပဲ။
ယေရှု။ ။ ခင်ဗျားပြောတာတွေက ဘုရားသခင်ကို ဆန့်ကျင်နေပြီ။ ဘုရားသခင်ဟာ လူတွေရဲ့ ပျော်ရွှင်မှုအတွက် ကမ္ဘာလောက၊ ဂြိုဟ်နက္ခတ်အားလုံးနဲ့ တိရစ္ဆာန်တွေကို ဖန်ဆင်းခဲ့တာ။ ခင်ဗျားရဲ့ ပတ်ဝန်းကျင်က လှပတဲ့ကမ္ဘာကို ကြည်စမ်းပါ။ ခင်းဗျားကို အဲဒါလောက်တောင် ကောင်းတာတွေကို ပေးထားပါလျက် ဘုရားသခင်အကြောင်း အဲဒီလို ကြောက်စရာတွေ ပြောနိုင်ရသေးသလားဗျ။
ဆိုကရေတီး။ ။ ကျွန်ုပ်ကတော့ အဲဒါကို လုံးဝ မယုံဘူးခင်ဗျ။ ဒါလောက် ကိုယ်ကျင့်ပျက်၊ အလွန် အင်မတန် ကြမ်းတမ်းပြီး မုန်းစရာကောင်းတဲ့ ဘုရားသခင်က ဒါလောက်လှပတဲ့ ကမ္ဘာ လောကကို ဖန်ဆင်းနိုင်ပါ့မလား။ တစ်ချိန်က အဲဒီလို မကောင်းမှုတွေကို ပြုလုပ်ခဲ့တယ်ဆိုတဲ့ လူသားတောင် တစ်ချိန်မှာ အံ့သြဖွယ် ကိုယ့်ကျိုးစွန့်၊ သစ္စာတရား၊ စွမ်းပကားတွေနဲ့ ရှုပ်ထွေးတဲ့ လောကအပေါ် ကြင်နာမှု မျှတမှု အရည်အသွေးတွေကို ဖော်ပြနိုင်ပါသေးတယ်။ ခင်ဗျားရဲ့ ဘုရားသခင်မှာ အဲဒီ အရည်အချင်းတွေ ဘာမှမရှိဘူး။ ဘယ်လောက် ဆိုးသွမ်းသည် ဆိုစေ ခင်ဗျားပြောတဲ့ ဘုရားသခင်က သူ့ကို မလေးစားသူတွေကို ပြုလုပ်တဲ့ အလုံးစုံ ရန်ငြိုးဖွဲ့ ညှဉ်းပန်းမှုမျိုးကို လူသားတစ်ယောက် တောင်မှ အခြား လူသားတစ်ယောက်ကို မပြုလုပ်တာတော့ သေချာပါတယ်။ ဘယ်လောက်ပဲ မိုက်မိုက်မဲမဲ နှိပ်စက် သတ်ဖြတ်ခံရစေကာမူ အဘယ်မည်သော လူသားမဆို နောက်ဆုံးတော့ နှစ်ကာလတွေ ဆယ်စုနှစ်တွေ ရာစုနှစ်တွေ ကြာတဲ့အခါ သူ့ရဲ့ ရန်ငြိုး တဖြည်းဖြည်း ပြယ်ပျောက် ပြီးဆုံးသွားတာပဲ။
ယေရှု။ ။ ကျုပ်က လမ်းပြသူ၊ အမှန်တရားကို လက်ကိုထားသူ၊ အလင်းဆောင်သူပါ။ ကျုပ်မှတစ်ပါး ဘယ်သူမှ ဖခမည်းတော်ဆီကို မရောက်ပါဘူး။ ကျုပ်ပြောတာကိုယုံပြီး ထာဝရ ကောင်းကင်ဘုံကို သွားစမ်းပါ။ ကျုပ်ပြောတာကို လက်မခံရင် ထာဝရငရဲမှာ နှိပ်စက် ညှဉ်းပန်းတာကို ခံရမှာပဲ။
ဆိုကရေတီး။ ။ တကယ်လို့ ကျွန်ုပ် ခင်ဗျားရဲ့ စနစ်ကို လက်မခံရင် ကျွန်ုပ် ထာဝရ ညှဉ်းပန်းခံရ မယ်ဆိုတာကို သိပေမဲ့ ကျွန်ုပ်က ခင်ဗျားရဲ့ ဘုရားသခင်ကို ဆန့်ကျင်တဲ့ ဆေတန်ဖက်မှာ ရှိမှာပဲ။ ခင်ဗျား ဘုရားသခင်ရဲ့ မမျှတမှု ကောက်ကျစ်မှုကတော့ သိပ်ကြောက်စရာ ကောင်းတာပဲ။ ကွာလှမ်းတဲ့ တောင်စောင်းတွေမှာ လူရိုင်းတွေရဲ့ ကြောက်မက်ဖွယ် လူကို ယဇ်ပူဇော်တာတွေ ကျွန်ုပ် ကြားဖူး ပါတယ်။ အဲဒီလူရိုင်းတွေတောင် ထာဝရရန်သူအနေနဲ့ သူတို့ရဲ့ သားကောင်တွေအပေါ် မစဉ်းစားတာ သေချာတယ်။ ကြောက်မက်ဖွယ်ကောင်းတဲ့ မျက်စိတစ်လုံး သရဲတွေ၊ ဂရိနတ်စုန်းတွေ၊ နတ်ဘုရား တွေအကြောင်းလည်း ကျွန်ုပ် ကြားဖူးပါတယ်။ ဒါပေမယ့် သူတို့တွေက ခင်ဗျားရဲ့ ဗျာဒိတ်ကျမ်းမှာ ဖော်ပြထးတာတွေနဲ့ နှိုင်းစာရင် တောရိုင်း တိရစ္ဆာန်လေးတွေလို ယဉ်ကျေးပြီး သိမ်မွေ့ပါသေးတယ်။ ဘုရားသခင်ရဲ့ ငြိမ်းချမ်းသော၊ ကြင်နာသော၊ အားလုံးကို ခွင့်လွှတ်သော သဘာဝကို ခင်းဗျား ကျွုန်ုပ်ကို ပြောပဲ ပြောတတ်ပလေ။
ယေရှု။ ။ ကျုပ်တို့က ဘုရားသခင်ရဲ့ သားသမီးတွေပါ။ ဘုရားသခင်က ကျုပ်တို့ ရဲ့ ဖခမည်းတော်ပါ။ ကျုပ်တို့ကို အပြစ်မရှိစေချင်ဘူး။ ဒါပေမယ့် အပြစ်ရှိရင်တော့ ဒဏ်ပေးရမှာပေါ့။ ဘုရားသခင်က မျှတပြီး ကြင်နာတတ်ပါတယ်။ ကျုပ်တို့ကိုယ်တိုင်ရဲ့ အမှားရှိမှသာ သားသမီးတွေဖြစ်တဲ့ ကျုပ်တို့ကို ထာဝရ ညှဉ်းပန်းတဲ့ ငရဲကို ပို့တာပါ။ ကျုပ်တို့ အပြစ်ရှိပြီး အာဒမ်နဲ့ အေဝလို မေထုန်ကို တပ်မက်တဲ့အခါမှာ ကျုပ်တို့ကို ထာဝရငရဲမှာ ထာဝရညှဉ်းပန်းပြီး အပြစ်ပေးဖို့မှတစ်ပါး ဘုရားသခင်မှာ အခြား ရွေးစရာ လမ်းမရှိပါဘူး။
လူ့အရည်အချင်း ပိုသာတယ်
ဆိုကရေတီး။ ။ ကျုပ်တို့အားလုံး ဘုရားသခင်ရဲ့ သားသမီးတွေလို့ ခင်ဗျား ပြောတယ်။ ဘုရားသခင် ဟာ အသိဉာဏ်ရှိတာ၊ လုံးဝမယုံကြည်တာတွေအတွက် သူ့ရဲ့ သားသမီးတွေကို ဒုက္ခပေးတဲ့ လူစွမ်း ကောင်းပဲ။ နောက်တစ်မျိုးပြောရင် ကျွန်ုပ်တို့ကို လိမ်ညာပြီး ကျွန်ုပ်တို့ရဲ့ နားထဲမှာ ကတိစကားကို ထည့်ပေးပေမယ့် အဲဒီကတိအတွက် ကျွန်ုပ်တို့ရဲ့ မျှော်လင့်ချက်ကို ဖျက်ဆီးပစ်သူပါ။ ရည်ရွယ်ချက်၊ အကြောင်းယုတ္တိ၊ အမှန်တရား၊ ကြင်နာမှု၊ မျှတမှုဆိုတာတွေ ကျွန်ုပ် ဘာမှမတွေ့မိဘူး။ လုပ်ချင်ရာ လုပ်တဲ့ တန်ခိုးမှတစ်ပါး ဘာမျှမတွေ့ပါဘူး။ အမှန်တော့ ရိုးဖြောင့်မှု၊ ကိုယ်ကျိုးမဆန်မှု၊ မကောက်ကျစ် မှုတွေမှာ လူတွေဟာ ခင်ဗျားရဲ့ဘုရားသခင်မှာရှိတဲ့ အရည်အချင်းတွေထက် အများကြီးသာပါတယ်။ ခင်ဗျားရဲ့ ဘုရားသခင်က ဆိုးရွားကောက်ကျစ်တဲ့ ရူးကြောင်ကြောင် မကောင်းဆိုးရွားကောင်ပါ။
ယေရှု။ ။ ကျုပ်တို့က လူသာမန်တွေပါ။ ဘုရားသခင်ရဲ့ ဆုံးစမဲ့ လျှို့ဝှက်ချက်တွေကို နားမလည် နိုင်ပါဘူး။ ကျုပ်တို့ရဲ့ တာဝန်က ဘုရားသခင်ကို သစ္စာရှိ၊ ယုံကြည်ဖို့ပဲ။ စောဒကတက်ဖို့ မလိုဘဲ ပြောတဲ့အတိုင်း လုပ်ပြီး သေကြရုံပါပဲ။
ဆိုကရေတီး။ ။ စောဒက မတက်ရဘူးတဲ့လား။ ဒါဖြင့် ကျွန်ုပ်တို့ကို ဘာလို့ စိတ်ဝိညာဉ်ကို ပေးထား တာတုန်း။ ဘယ်လို နေထိုင်ရမယ်၊ ဘဝရဲ့ ရည်ရွယ်က ဘာလဲ ဆိုတာတွေကို ကျွန်ုပ်တို့ ဘယ်လို ဆုံးဖြတ်မလဲ။ အခု ဒါကို ဆွေးနွေးနေလို့ ကျွန်ုပ်တို့ ဘာလုပ်မှာတုန်း။ ခင်ဗျားလည်း ဘဝတစ် လျှောက်လုံး ဘာလို့ လူတွေကို တရားဟောနေရတာတုန်း။ ရောမလူမျိုးတို့ရဲ့ အမိန့်ကို အာခံပြီး ခင်ဗျားရဲ့ ဘဝကို ဘာကြောင့် စတေးခဲ့တာတုန်း။
ယေရှု။ ။ ယုံကြည်မှုကြောင့် ကျုပ်တို့ ကယ်တင်ခြင်း ခံခဲ့ရပါတယ်။ ယုံကြည်မှုနဲ့ ဘယ်သူမဆို ဘုရား သခင်ဆီက ဆုတော်ကို ရယူနိုင်ပါတယ်။
ယုံကြည်မှုတဲ့လား
ဆိုကရေတီး။ ။ ယုံကြည်မှု၊ ဟုတ်လား။ ခင်ဗျား ဘာကို ဆိုလို တာလဲ။
ယေရှု။ ။ ကျုပ်တို့က ဘာမှ မေးမြန်းခြင်းမရှိဘဲ ယုံကြည်ရတယ်။ သောမတ်စ်တို့ကို ကျုပ်တို့က သံသယ ရှိမနေရဘူး။ ဘုရားသခင် ကို ယုံကြည်ရင် ကျုပ်တို့ ကောင်းကင်ဘုံကို ရောက်တဲ့အခါ ဆင်းရဲ ဒုက္ခအထွေထွေကို မရတော့ဘူး။
ဆိုကရေတီး။ ။ ဘာပြောပြော ဘာမှ စုံစမ်းမေးမြန်းခြင်းမရျှိဘဲ ကျွန်ုပ်တို့က ယုံရမယ်လို့ ခင်ဗျားက ပြောတယ်။ ကျွန်ုပ်တို့က လွယ်လွယ်နဲ့ အလိမ်ခံရသူ ဖြစ်မသွားဘူးလား။ အကယ်၍ ကျွန်ုပ် အဲဒီ အတိုင်းလုပ်ရင်၊ ငွေတစ်ထောင် ပြန်ပေးမယ်လို့ ကတိပေးတဲ့ လမ်းပေါ်က လူတိုင်းကို ကျွန်ုပ်ရဲ့ ပိုက်ဆံအိတ်ကို ပေးရမှာပေါ့။ ခင်ဗျား ပြောတိုင်းလုပ်ရင် ကျုပ်က လူမိုက် ဖြစ်သွားမှာပေါ့။ ပြီးတော့ ဒီနေရာမှာ ခင်ဗျားက ကျုပ်ဆီမှာ ပိုက်ဆံကိုသာ တောင်းနေတာ မဟုတ်ဘူး။ လုပ်ငန်းရဲ့တန်ဖိုးကို လုံးဝမစဉ်းစားဘဲ အဲဒီလုပ်ငန်းနဲ့ ရည်ရွယ်ချက်အပေါ် ကျွန်ုပ် တစ်ဘဝလုံးကို မြှုပ်နှံဖို့ တောင်းဆို တာခင်ဗျ။ သူခိုး တစ်ယောက်ဟာ ကျွန်ုပ်ရဲ့ အသက်ကို ခြိမ်းခြောက်ပြီး ကျွန်ုပ်ဆီက ငွေကို တောင်းဆို တယ်။ ခင်ဗျားက ညှင်းပန်းမှုနဲ့ ခြိမ်းခြောက်၊ သုခဘုံကို ကတိပေးပြီး ကျွန်ုပ်ရဲ့ဘဝကို တောင်းဆို တယ်။ ကျန်ုပ်က ဗလာကတိတွေ ခြိမ်းခြောက်မှုတွေနဲ့ ပြောတာနောက်ကို ပါသွားမယ့် စုတ်ချာတဲ့ လူထုံလူအ မဟုတ်ဘူး ခင်ဗျ။
ယေရှု။ ။ လူထုံလူအ ဆိုတာ ကမ္ဘာမြေရဲ့ အမွေကို ခံယူ သူပါ။
ဆိုကရေတီး။ ။ လူထုံလူအ ဆိုတာ အနိုင်ခံရတဲ့ နိုင်ငံက အမျိုးသမီးနဲ့ ကလေးတွေလို သတ်ဖြတ်ခံရ ကျွန်ပြုခံရ တယ်လေ။
ယေရှု။ ။ ခင်ဗျား၊ ဘုရားသခင်ကို မေးခွန်း မထုတ်ရ ဘူးလေ။
ဆိုကရေတီး။ ။ အဲဒီ ဘုရားသခင်ဆိုသူကို ကျွန်ုပ် တစ်ခါမျှ မတွေ့ဖူးလို့ သူ့ကို မမေးနိုင်ပါဘူး။ သူ့ကို ကိုယ်စားပြုတယ်ဆိုတဲ့ ခင်ဗျားကို ကျွန်ုပ် မေးနေတာပါ။ ခင်ဗျား တကယ်ပဲ ကိုယ်စားပြု မပြုဆိုတာကို သိဖို့အတွက်ပါ။
ယေရှု။ ။ ကျုပ်တို့ဟာ ဘုရားသခင်ရဲ့ စကားတော်ဖြစ်တဲ့ သမ္မာကျမ်းကို ယုံရမှာပါ။ နားလည်နိုင်ဖို့ မမျှော်လင့်ဘဲ၊ သက်သေကို မစုံစမ်းဘဲ ယုံကြည်ရမှာပါ။
ဆိုကရေတီး။ ။ လူတစ်ယောက်မှာ ရွေးချယ်ခွင့်မရှိရင် မဖြစ်နိုင်ဘူးဗျ။ ကမ္ဘာပေါ်မှာ ဘာသာတရား တွေ ထောင်ပေါင်းများစွာ ရှိတာကို ခင်ဗျားသိမှာပါ။ ယုံကြည်မှုသက်သက်နဲ့ လက်ခံရင် အဲဒီ ဘာသာတရား အားလုံးကို လက်ခံရတော့မှာပဲ။ ဒါပေမယ့် ဘာသာတရား အားလုံးက မတူကြတဲ့ အတွက် အဲဒါ မဖြစ်နိုင်ပါဘူး။ ကမ္ဘာကြီး လုံးတယ်ဆိုတာနဲ့ ပြားတယ်ဆိုတာကို တစ်ပြိုင်နက် ယုံကြည်နေသလို ဖြစ်မှာပဲ။ ခင်ဗျားဟောတာကို ခင်ဗျား မကျင့်သုံးတာ သေချာတယ်။ ဘာကြောင့်ဆို အဲဒီလိုဖြစ်ရင် ဂျူးဝါဒရော ဓမ္မဟောင်းကျမ်းကိုပါ မှန်တယ်လို့ လက်ခံရာရောက်ပြီး ခင်ဗျားရဲ့ ဒီမိစ္ဆာဝါဒသစ်ကို ဖော်ပြမှာ မဟုတ်ဘူး။ ဒါမှမဟုတ် မနေ့က ခင်ဗျားရဲ့ မိစ္ဆာဝါဒကို ဟောပြောနေတာ ရပ်စဲဖို့ အေသင်မြို့က တရား ဟောဆရာတွေ လမ်းပေါ်မှာ ခင်ဗျားကို တားမြစ်တဲ့အခါ ခင်ဗျားဟာ ဂရိဘာသာ ရေးဖြစ်တဲ့ အိုလံပစ်နတ်ဘုရားတွေကို ယုံကြည်ခဲ့မှာပေါ့။ ဘာကြောင့်ဆို သူတို့က ခင်ဗျားကို အဲဒီဘာသာရေး အမှန်ပါလို့ ပြောကြတဲ့အတွက် ယုံကြည်မှုသက်သက်နဲ့ပဲ ခင်ဗျား သူတို့ ပြောတာကို ယုံကြည်ခဲ့သင့်တာပေါ့။ ဟုတ်ဘူးလား။
ယေရှု။ ။ ယုံကြည်မှုကြောင့် ကျုပ်တို့ ကယ်တင်ခြင်း ခံခဲ့ရပါတယ်။ ယုံကြည်မှုနဲ့ ဘယ်သူမဆို ဘုရား သခင်ဆီက ဆုတော်ကို ရယူနိုင်ပါတယ်။
ဆိုကရေတီး။ ။ ခင်ဗျားကို ဥပမာလေးတစ်ခု ပေးပါဦးမယ်။ ဒေလ်ဖိုင်မြို့သား အာဏာပိုင်က ကျွန်ုပ်ကို လူတစ်ယောက်ဟာ သေဒဏ် အပြစ်ရှိပြီး၊ ကျွန်ုပ်ရဲ့ ဇနီးကို မုဒိမ်းကျင့်ကြောင်း၊ ကျွန်ုပ်က သူ့ကို သတ်သင့်ကြောင်း၊ မသတ်ရင် သူ့ကို ကျွန်ုပ်သိသွားပြီး သူ့ကိုသတ်မှာ ကြောက်လို့ သူက ကျွန်ုပ်ကို သတ်မည် ဖြစ်ကြောင်း ပြောသည်ဆိုပါစို့၊ ခင်ဗျားက 'သင်သည် လူကို မသတ်ရ'လို့ ပြော သည်ဆိုပါစို့။ ဘာပြောပြော ယုံကြည်မှုနဲ့ လက်ခံရမည်လို့ ခင်ဗျား ကျွန်ုပ်ကို ပြောတယ်။ ခင်းဗျားရဲ့ စကားအတိုင်း ဆိုရင် ကျွန်ုပ်က ဒေလ်ဖိုင်မြို့သား အာဏာပိုင်ကို ယုံကြည်လို့ အဲဒီလူကို ကျွန်ုပ် သတ်ရမှာဖြစ်ပြီး တစ်ချိန်တည်းမှာ ကျွန်ုပ်ဟာ ဘုရားသခင်ကို ယုံကြည်လို့ အဲဒီလူကို ကျွန်ုပ် မသတ်ရဘူး။ စကားနှစ်ရပ် ရှေ့ နောက် ဆန့်ကျင်နေလို့ သတ်ခြင်း မသတ်ခြင်း နှစ်မျိုးလုံးကို တစ်ပြိုင်နက် မလုပ်နိုင်ဘူး။ ဒါကြောင့် ကျွန်ုပ်အနေနဲ့ ဒေလ်ဖိုင်မြို့သား အာဏာပိုင်ကိုရော ဘုရားသခင်ကိုပါ မယုံကြည်နိုင်ဘူး။ ဒါကြောင့်ပဲ ယုံကြည်မှုသက်သက်နဲ့ ဘာကိုမျှ လက်ခံဖို့ ကျွန်ုပ်အဖို့ မဖြစ်နိုင်ဘူး။ ဘာကို ယုံကြည်တယ်ဆိုတာနဲ့ ပတ်သက်ပြီး ဆန္ဒရှိရှိ မရှိရ။ ။
မှတ်ချက်။ ။ မူရင်းဆောင်းပါးကို By DOUG SHAVER ကရေးသားပြီး
မြန်မာမှု ပြုခြင်းကို www.planet.com.mm မှ တဆင့် ရယူပါသည်။